Tuesday 2 August 2011

ဖိနှိပ်ခြင်းနှင့် အမတ်မင်း

ယင်းစကားအရ ဆရာတော်ကဆိုလိုသည်မှာ အလိုတော်ရိအမတ်များ၏ ဆင်ခြေစကားအတိုင်းပင်လျှင် အလွန်တရာ အနှစ်သာရပြည့်ဝသည့်ပြည်သူတို့၏ ချမ်းသာစီးပွားရနိုင်သော ဒိုင်အာခီအုပ်ချုပ်ခြင်း နည်းစနစ်ဖြစ်သည်ဟု အထူးတမွန် အလွန်အမင်း ကြော်ငြာထားသော နည်းသစ် စည်းကမ်းမှာ အမတ်တို့က ပြည်သူဆင်းရဲ့သားတို့၏ ရထိုက်သော အောက်ဆုံးတန်းစံ လွန်လပ်စွာနေထိုင်ပြောဆိုခြင်းပင်လျှင် မရနိုင်အောင် မတရား ပိတ်ပင် ဖိနှိပ်သောအမိန့်မျိုးကိုမျှ ကောင်စီအမတ်တို့က မတားဖြစ်နိုင်ကြောင်း ထင်းရှားလှ၏ဟု ဆိုရပေလိမ့်မည်။ 

ဟင်ဒူသတင်းစာက ဆိုသည်မှာ ဗြိတိသျှအစိုးရတို့က အိန္ဒိယပြည်အတွက် အလွန်အံ့ဖွယ်ဖြစ်အောင်ပြုလုပ်ပေဘိ၏။ 

သို့ရာတွင် အိန္ဒိယပြည်အတွက် အလွန်အံ့ဖွယ်ဖြစ်အောင်ပြုလုပ်ပေဘိ၏။ 

သို့ရာတွင် အိန္ဒိယပြည်သူတို့ကို ကြွေးတင်ကျွန်ဖြစ်သော ဘဝမရောက်မှီ၎င်း အစိုးရတို့၏ 
ရာထူးဟူသမျှတို့မှာ အိန္ဒိယတိုင်းရင်သားတို့ပြည့်နှက်စွာ မဝင်ရောက်ရခင်၎င်း၊ ဟုမ္မရူးပေခဲ့လျှင်ကား 
ထိုသို့ပေးခြင်းအတွက် မော်ကွန်းရေး၍ သေလာအက္ခရာ ကျောက်စာတင်သင့်ပေမည်ဖြစ်ကြောင်း။ 

အဘယ်ကြောင့်မူကား ဗြိတိသျှအစိုးရတို့သည် ပြောဆို ကတိထားသောအခါ၌မူကား ထိုင်သို့ပြောဆိုဝန်ခံတတ်၏။ 

ထိုသို့ဝန်ခံသည့်အတိုင်းပေးသောအခါကျမှ စည်းကမ်းစနစ်တို့ကို သွယ်ဝိုက်ကျဉ်းမြောင်းအောင်လုပ်ကိုင်၍ ထိုကတိထားခဲ့သည့်အတိုင်း လက်မြှောက်ယူသူတို့က မယူနိုင်အောင် ဆိုးဝါးသည် ဖြစ်လေဘိ၏။ 

ဤအလိုတော်ရိများသည် ဗြူရိုကရက်အစိုးရ၏ အချစ်တော်များ ဖြစ်ကြသည်။ 
သို့ရာတွင် သာမညပုဂ္ဂိုလ်များမဟုတ်လှချေ။ 

ထိုပုဂ္ဂိုလ်တို့သည် အလွန်ပညာတတ်မြောက်ကြသည့်ပြင်လောက၏ အလေ့အလာကိုလည်း သိကျွမ်းသူများဖြစ်ကြသည်။ 

သို့ရာတွင် ထိုပုဂ္ဂိုလ်တို့၏ အယူအဆမှာကား ဗြူရိုကရေစီအစိုးရတို့သည် ထိုပုဂ္ဂိုလ်တို့ထက် အလွန်အင်အား ကြီးမားလှသည့်အတွက် ခုခံတိုက်ခိုက်ရန် ခက်ခဲ့လှသည်ဟု ထင်မှတ်လျက်နေကြသည်။ 

ဤတွင်သာ ထိုပုဂ္ဂိုလ်တို့ခတ်ခဲခြင်းရှိလေသည်။ 

ထို့ကြောင့်လွတ်လပ်ရေးကို တားဆီးပိတ်ပင်လျက်ထားသောတံခါးကို ထိုပုဂ္ဂိုလ်တို့ ချိုးဖဲ့ဖောက်ဖျက်ခြင်းမှာ သြဇာအောက်တွင် လုပ်ကိုင်နေကြရသည် ဖြစ်၍ ၎င်းတို့အနက် အချို့သောပုဂ္ဂိုလ်တို့သည် စိတ်ပျော့အိညွတ်ပြောင်းရှိခြင်း၊ အစိုးရဘက်သို့ ယိမ်းယိုင်ခြင်းရှိရသည်။

ခေတ်အလိုက် နားမျက်စိပွင့်ပြီ

ဤသို့အာဇနည် (သံခဲတိုင်) ပုဂ္ဂိုလ်ကြီးများပင်လျှင် ဗြူရိုကရက်တို့၏ သြဇာဖုံးလွှမ်းခြင်းကို ကြံ့ခိုင်စွာ မခံနိုင်ကြခြင်းကြောင့် အရည်အချင်းနှင့်ပညာဥာဏ်ကအစ ပျက်ပြားဖောက်ပြန်ခြင်းရှိကြရလျှင် မြန်မာအမျိုးသားတို့မှာ အဘယ်သို့ ရှိကြလေအံ့နည်း။ 

သို့ကြောင့် မြန်မာမျိုးချစ်အပေါင်းတို့က ဤသို့အဆိပ်မွှမ်းသော ညွတ်ကွင်း လှောင်အိမ်သို့ မဝင်ကြဘဲ ကြံ့ကြံ့ခံ၍ ငြင်းဆန်ထိုက်ထိုက်လှပေသည်။

မြန်မာလူကြီးလူကောင်းတို့သည် ဗြိတိသျှတို့က ပြည်သူကို လွတ်လပ်ခွင့်ပေး၍ အုပ်ချုပ်ခြင်း၊ သာမာစာရ တရားဓမ္မ၌ ညောင်းခြင်းတို့ကို ယုံကြည်အားထားကြရန် ရှေးအစဉ် မွေးဖွားစကပင် သက်ဝင်ယုံကြည်ခဲ့ကြပေသည်။ 

ယခုခေတ်အလိုက် နောက်သားလူငယ်တို့ နိုးကြားထင်ရှားကြသည့်နည်းကား၊ ထိုလူဟောင်းကြီးတို့၏သဘောတွင် ကြမ်းတမ်းရုန်းရန်းကြသည်ဖြစ်၍ မကြိုက်ဝံ့မလိုက်ဝံ့ရှိကြပေသည်။
ယခုအမျိုးသားခေါင်းဆောင်တို့မှာ ထိုရှေးဟောင်းလူကြီးများကဲ့သို့မဟုတ်။

ခေတ်အလျောက်နား၊ မျက်စိဖွင့်၍ သိကြားမြင်မြော်နိုင်ကြသော သတ္တိစွမ်းရည်ရှိကြပေသည်။ ဤသိုပလျှင် ကျေးဇူးထူး၍ အကျိုးများချေသည်။

ယခုခေတ်သစ်တွင် ကျရောက်ဖွားမြင် နေ့စဉ်ကြားသိမှတ်သားကြရသော ဗဟုသုတဖြင့် ဒီမိုကရစီခေတ်ကြီး၏ အကျိုးထူးကား အားထားရှိကြရသည့် အခိုက်အခါ လသာတုန်းဗိုင်းငင် ဆိုသောစကားအရ ဇာတိမာနတို့ ဖြိုးလျှံတောက်ပစေလျက် သူရသတ္တိကို စွဲမြဲစွာလက်ကိုင်ထားပြီး လျှင် ကေသရာဇာခြင်္သေ့တို့၏ အတုအမူကိုယူလျှက် ရှေ့သို့စိုက်စိုက် အဖိုးထိုက်လှစွာသော လွတ်လပ်ရေးအောင်ပန်းသို့ ခြေလှမ်းမဆုတ် စိတ်မကြုံဘဲ ကြိုးစားဆောင်ရွက် ကြဘိလော။ 

ယင်းသို့မှသာလျှင် မြန်မာသားတို့၏သွားလမ်းပွင့်ချေတော့မည်။

ရဲလျှင်ကြံ၊ ကြောက်လျှင်ပြန်

လွတ်လပ်ရေးအောင်ပန်းကို ဆွတ်ခူးရလိုကြ၏လော။ 
ထိုသို့ရလိုကြလျှင်ကား ဒုက္ခတို့ကို ပမာဏမထား ကြောက်အားမပိုဘဲ သဲမဲ၍ကြိုးကုတ်နောက်ဆုတ်တွန့်တိုခြင်း စိတ်ထားမရှိသင့်ကြပေ။ 

“ရဲလျှင်ကြံ၊ ကြောက်လျှင်ပြန်” ဟူသော နိယာမသြဝါဒကို အထောက်အထားပြုပြီး ကြိုးစားသင့်ကြပေ၏။
အနှောင်အဖွဲ့ ရေရခြင်းသည်ကား အစဉ်သဖြင့် အကျဉ်းအချုပ်တွင်ရှိသော လွတ်လပ်ကွန့်မြူးခြင်းမရှိသော စိတ်နေသဘောထားနှင့်နေကြရသည်သာတည်း။

သူရသတ္တိအနည်းငယ်တိုးပွားဖွံ့ဖြိုး တိုးတက်သန်စေ၍ ကျင့်ကြံရွက် ဆောင်ကြပါမူကား တနေ့နေ့တွင် မြန်မာပြည်ကြီးသည် အနှောင်အဖွဲ့မှ လွတ်မြောက်၍ အမျိုး၏ဂုဏ် ထင်ပေါ်ကျော်စောစွာ ဒြပ်သိက္ခနှင့် ပြည့်ဝသော အရည်အချင်းကိုရကြလျှက် ဦးခေါင်းမောင်၍ သွားလာနေထိုင်နိုင်ကြပေလိမ့်မည်။ 

ဤနည်းဥပဒေကိုကား တမျိုးသားသာလျှင်မဟုတ် ကမ္ဘာပေါ်ရှိ လူအပေါင်းတို့က ဓမ္မတာသဘာဝ နှစ်ခြိုက်မြတ်လေး ရှိကြသည်သာတည်း။

နှစ်ပေါင်း ၁၅၀- ပတ်လုံး အိန္ဒိယပြည်ကြီးသည် ဗြူရိုကရေစီ၏ လက်အောက်တွင် နိုင်ငံခြားက လာရောက်စိုးမိုးသူတို့၏ အစီအမံကိုခံပြီးမှ တိုင်းပြည်ရေးရာ၌ တိုင်းရင်းသားတို့ ဝင်ရောက် စီမံခန့်ခွဲရန် အခွင့်မရသော်လည်း သည်းခံကျေနပ်လျက် အမျိုးသားတို့၏ ဇာတိသွေးစိတ်တို့ ဆုတ်ယုတ်ရွေ့လျားလာသည်ကို ပမာမရှု ဂရုမထား စွမ်းအားမဆောင် ရှိနေခဲ့လေသည်။

ထိုသိုလျှင် အစိုးရတို့က ဝမ်းမြောက်အောင် ကတိပေးခြင်းဖြင့် ဝမ်းသာလိုက်ရခြင်း၊ ထိုကတိအတိုင်း ချမ်းသာခွင့်မရ မပေးသော်လည်း ရောင့်ရဲတင်းတိမ်လျက် ဗြူရိုကရက်တို့က အုပ်စိုး၍ (ထမ်းပိုး) တပ်ထားခြင်းကို သည်းခံလျက်နေကြသည်။

နောက်ဆုံးတစ်နေ့ တွင် အိမ်ခေါင်မိုး ကွဲအက်ပြိုလာသည်ကဲ့သို့နိုးကြားထကြွလာကြလေ၏။ 
မဟတ္တမဂန္ဒီ၏ နှိုးဆော်အားပေးသောသြဝါဒစကားမှာ “အိုအချင်းတို့ အကျဉ်းမှလွတ်မြောက်အောင် ထွက်သွားနိုင်ကြပါလျှင် အဘယ်ကြောင့် အနှောင်အဖွဲ့တည်းဟူသော ပိုက်ကွန်တွင်၌ နေကြဘိသနည်း။ 

အချင်းတို့၏ စိုးမိုးသူ အစိုးရပိုင်မင်း၏ လက်တွင်း ဓား၊ လှံ၊ သေနတ် လက်နက်အင်အားဗလရှိပေသည်။ 
သို့ပင်တစေ ထိုကာယဗလတည်းဟူသော လက်နက်အင်အားထက် ကြိးမားသော လက်နက်ကြီး ရှိပေသေးသည်။ 

အစိုးရနှင့် အစုံတရာ ဆက်ဆံပေါင်းသင်း ကူညီခြင်းမပြုဟူ၍ ပဟာယန ဥပေက္ခာသ ရှုကြလော့။ 

အစိုးရကို ကြည်ရှောင်ကြလော့။ 
ထိုသိုပပြုနိုင်ကြပေမူကား ထိုသေနတ်အမြောက် လက်နက်တို့သည် ကြူရိုးမြက်ခြောက်တို့ကဲ့သို့ အလိုအလျောက် အလဟဿ ကြေမွပျက်စီးကြရပေလိမ့်မည်”။

လွတ်လပ်ရေးအောင်ဆုသည် ငါတို့ လက်တွင်းမှာရှိသည်

အချင်းတို့ကို အနှောင်အဖွဲ့နှင့်ထားသော အကျဉ်းထောင်၏တံခါးမှထုပ်လျှောက်တန်းလျား သံတိုင်များသည် ပျက်ပြီး လျှောကျရပေလိမ့်မည်။ 

ယင်းသို့တပြီးကား အချင်းတို့၏ လွတ်လပ်ချမ်းသာရေး အောင်ပန်းသည်လက်လှ်းမှီရာ၌ အသာဆွတ်ခူး ရယူနိုင်စေခြင်းအလို့ငှာ တည်လျက်ပင်တွေ့ရှိကြရပေလိမ့်မည်။ 

ဤကဲ့သို့ နက်လေးဆန်းကြယ်သော နိယာမသြဝါဒကြီးအတိုင်း အိန္ဒိယတိုင်းသူပြည်သားအပေါင်းတို့က လိုက်နာကျင့်ကြံ ကြချေပြီး။

ယခုထိုအမျိုးသားအပေါင်းတို့ ဆောင်ရွက်လျက်ရှိနေကြသည်မျာအံ့သြဖွယ် အရေးအကြောင်းကြီးများကိုပင် အောင်မြင်ခဲ့လေပြီ။ လူတို့၏ဇာတိစိတ်သည် သန်စွမ်းလာခဲ့လေပြီ။

ရှေးကာလက သမယတို့ကဲ့သို့မဟုတ်။
စိတ်ဟောင်းပြောင်း၍စိတ်ဓါတ်အသစ် ပေါ်ပေါင်လာကြလေပြီ။

ကြောက်စိတ်ပျောက်၍ ငါ၏စိတ်ထား အဓိဌာန် အာသိသကို ချိုးဖဲ့နှိမ်နင်းခြင်းငှါ အဘယ်သူတို့ စွမ်းနိုင်ဘိ၏နည်းဟူသော မာနသွေးဓာတ်သည် ပေါ်လာခဲ့လေပြီ။ 

လွတ်ငြိမ်းချမ်းသာခွင့်သည်ကား ငါတို့၏ရထိုက်သော ကမ္ဘာ၏ အမွေအနှစ် ဖြစ်သည်။ 
ဤသို့သော အမွေအနှစ်ကို မရလျှင်မနေ တွေတွေကြိုးကုတ်လျက် မဆုတ်မနစ်သောလုံ့လသတ္တိဖြင့် ရအောင်ယူမည်ဟူသောစိတ်ပေါ်ပေါက်လာကြလေပြီး ရှေ့သို့ဆင့်ဆင့်စီတန်း၍ တိုးတက်လှမ်းခွင့်ရှိကြလေပြီ။

ဗြူရိုကရေစီတို့သည် ဤယခုတနှစ်အတွင်း ပွင့်လင်းလာသော ဇာတိမာန သွေးဓာတ် လွတ်လပ်ခြင်းလိုလားအပ်သော အာသိသဆန္ဒကို ပြည်သူတို့က စိတ်ဝင်စားအောင် နှစ်ပေါင်းတထောင်ပင်လျှင် စိုးမိုးအုပ်ချုပ် သင်ကြားပေးကြစေကာမူ သင်ကြားပေးနိုင်လိမ့်မည်မဟုတ်ချေ။

မယိမ်းမယိုင် ကြံ့ခိုင်တည်တံ့သော အလွန်အံ့သြဖွယ်ဖြစ်သော ဤမည်သောအိန္ဒိယ၏ ခေတ်ထူးအရေးတော်ပုံသည် အိန္ဒိယရာဇဝင်တွင်လည်း မကြုံခဲ့ဖူးပေ။ 

ကမ္ဘာပေါ်ရှိ တိုင်းပြည်နိုင်ငံတို့တွင်လည်း မကြုံမကြားဖူးခဲ့ပေ။

ကုေ (၃၀) လောက်အမျိုးသားတို့က မိမိတို့ကို ရှေးနှစ်ပေါင်းများစွာ ကပင် မစဉ်နှောင်ဖွဲ့ လျကထားသော အကျဉ်းလောင်အိမ်၏တံခါးကို ချိုးဖျက်ဖွင့်လှစ်ကြလေပြီ။

မြန်မာပြည်ကြီး၏ ကျက်သရေ အိန္ဒိယပြည်ကြီး၏ နည်းပေးလက်းပြဥပဒေသည် ဗုဒ္ဓမြတ်စွာ၏ ဝိမုတ္တိရသ ဒေသနာတော်တို့ကို ထောက်ထားအားမှီခြင်းပြုလျက် နိုးကြားကြလော၊ လုံ့လထုတ်၍ ဆောင်ရွက်ကြလောဟု ဤယခုဒီမိုကရေစီခေတ်ကြီးက ဒါယကာ၊ ဒါယိကာမအပေါင်းအမျိုးကောင်းဝံသာနုတို့အား ဆော်သြတိုက်တွန်းလျက်နေချေပြီ။

နိုးကြားထကြွသော လုံ့လဖြင့် ဆောင်ရွက်ကြပါ၏လော၊ လွတ်လပ်ရေးအောင်ဆုကိုရနိုင်ရန် အခြေသည် ဒါယကာ၊ ဒယိကာမတို့၏ လက်တွင်း၌ပင်ရှိပေသည်။

ထိုအခြေသည်ကား မိမိတို့က မည်ကဲ့သို့ အာသီသထားကြသည်။ 
မည်ကဲ့သို့သော ရဲစွမ်းသတ္တိနှင့် စွန့်စားကြံစည်ကြသည်။

ဤသို့သော အခြေအနေတို့သည်သာလျှင် အောင်ဆုကိုရနိုင်ကြမည်။
ဒူးပုဆစ်တုပ်၍ လက်စုံမိုးလျက်ရှိခိုးပန်တွာ တောင်းဆိုရာသည်မဟုတ်၊ ထိုသို့ခယတောင်းဆိုးခြင်းဖြင့်လည်းမရနိုင်ပေ။